တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာက တစ်ဒေသနဲ့ တစ်ဒေသ၊ လူမျိုးစုတစ်ခုနဲ့ တစ်ခု မတူညီ တဲ့အခွင့်အရေးတွေ မဟုတ်ဘဲ တူညီတဲ့စနစ်နဲ့ ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ “ မိမိ တို့အနေနဲ့ နိုင်ငံတော် တည်ဆောက်ရာမှာ အချက် ၂ ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက် လျက်ရှိပြီး ပထမအချက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိကြောင်း။
မိမိတို့အားလုံးလက်ခံထားတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ တိုင်းဒေသကြီး /ပြည်နယ်အားလုံးမှ တိုင်းရင်းသား အားလုံးသည် တူညီတဲ့ ဖက်ဒရယ်အခွင့်အရေးများ အကုန်ရရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် ပတ်သက်၍ အများဆန္ဒ အတိုင်း ဆောင်ရွက်နေသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုက်အဝန်းမှ ဖယ်ကြဉ်ထားခြင်းမျိုးဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနဲ့ ကိုက်ညီမှု မရှိတာကို တွေ့ရပါတယ်။ တိုင်းပြည်တစ်ခုတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရရှိမှာဖြစ်ပြီး လုံခြုံရေး လည်းတည်ငြိမ်အေးချမ်း ရမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်များဟာ ဒီမိုကရေစီ မရင့်ကျက်သေးသဖြင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များဖြစ်ကြောင်း သတိပြုစေလိုပါတယ်။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်၍ မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင် ဖြစ်ပါတယ်။ မတူကွဲပြားသည့် တိုင်းဒေသကြီး များ၊ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းထားရာမှ အာဏာ (၃) ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မည်သို့ပင် အယူဝါဒ အမျိုးမျိုးကွဲပြား နေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်မယ့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်း နေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမများ အားလုံးအတူတကွ ငြိမ်းချမ်းသာယာစွာ အတူယှဉ်တွဲ နေထိုင်ကြမယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကို ဆွေးနွေးပွဲများမှတစ်ဆင့် အကျေအလည် ညှိနှိုင်းဖြေရှင်းသွားကြရမှာဖြစ်ပါတယ်။